Header Ads

header ad

အသက် ၁၀ နှစ်အရွယ်မှာ နည်းပညာ ကိုယ်ပိုင် ကုမ္ပဏီ စထောင်ခဲ့တဲ့ ကောင်မလေး

ဒီကနေ့ခေတ်မှာ ကလေး အများစုဟာ သူတို့ရဲ့ ဖုန်း၊တက်ဘလက်များ ကို ဂိမ်းဆော့ရင်း၊Youtube ကြည့်ရင်း အလုပ်ရှုပ်နေကြပေမဲ့ ဒီဖိလစ်ပိုင်မှ ၁၀ နှစ်အရွယ် ကောင်မလေး တစ်ယောက်ကတော့ ဘယ်လို Code တွေရေးသားရမယ်၊ဘယ်လို Website တွေကို ဖန်တီးရမလဲဆိုတာ သင်ယူခဲ့ပြီး စိတ်ဝင်စားစရာအကောင်းဆုံးကတော့ သူမဟာ အသက် ၁၀ နှစ်သာရှိသေးပေမဲ့ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တာပဲဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ရီဇယ်ပြည်နယ် အန်တီပိုလို မြို့ (Antipolo) တွင်နေထိုင်သူ အစ္စဘယ်လ် ဆိုင် (Isabel Sieh) ဆိုသူ ကောင်မလေးတစ်ယောက်ဟာ ငယ်စဉ်ကတည်း Computer programming ပညာရပ်ကို လေ့လာခဲ့သူတစ်ယောက်ဖြစ်တယ် လို့သိရပါတယ်။
သူမကို Computer programming ပညာရပ် သင်ယူဖို့ တိုက်တွန်းခဲ့သူဟာ သူမရဲ့ အတန်းပိုင်ဆရာမဖြစ်ပြီး အစ္စဘယ်လ် ဟာ သချာင်္ဘာသာရပ်ကို စိတ်ဝင်စားတဲ့ အတွက် သင်ယူဖို့တိုက်တွန်းခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။အစ္စဘယ်လ် ရဲ့ အတန်းပိုင်ဆရာမဟာ အစ္စဘယ်လ် ကို Code Academy ဆိုတဲ့ Online မှ ကွန်ပျုတာ ပရိုဂရမ်မင်း ပညာရပ်ကို လေ့လာနိုင်တဲ့ Website တစ်ခုကို လမ်းညွှန်ပေးခဲ့တာ ဖြစ်ပါတယ်။
အစ္စဘယ်လ်ဟာ ငယ်စဉ်ကတည်းက HTML ( Hypertext Markup Language) နဲ့ JavaScript များကို အင်တာနက်မှ တဆင့် လေ့လာခဲ့ပြီး အင်တာနက်မှာ လေ့လာခြင်းက မလုံလောက်တော့တဲ့ အခါမှာ သူမရဲ့ မိခင်များက သင်တန်းဆရာများငှားပေးခဲ့ပါတယ်။
သူမ ဟာ ကွန်ပျုတာ ပရိုဂရမ်မင်းဘာသာရပ်ကို စိတ်ဝင်စားလွန်းတဲ့အတွက် အသက် ၁၀ နှစ်အရွယ်မှာ တခြားသော သက်တူရွယ်တူ မိန်းကလေးများကို ဘယ်လို Code လုပ်ရမလဲဆိုတာကို သင်ကြားပေးဖို့အတွက် ‘Girls Will Code’ ဆိုတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး အခြေခံကျောင်းများမှ ကျောင်းသားများကို အခြေခံအဆင့် Computer programming ဘာသာရပ်ကို သင်ကြားပေးဖို့အတွက်လည်း နှိုးဆော်နေတယ် လို့သိရပါတယ်။

လက်ရှိအချိန်မှာ အစ္စဘယ်လ် ဟာ အသက် ၁၃ နှစ်အရွယ်သာရှိသေးပြီး ကျောင်းသားတစ်ယောက် ဖြစ်နေဆဲပေမဲ့ သူမရဲ့ ‘Girls Will Code’ ကုမ္ပဏီမှာတော့ ဆရာမ တစ်ယောက်အဖြစ်ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။မနှစ်ကလည်း အစ္စဘယ်လ်ဟာ အန်တီပိုလိုမြို့ရှိ ဘာဂေါင်းနာယွန်း မြို့နယ်ရှိ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်းမှာ ၁၀ နှစ်အရွယ် ကျောင်းသားလေးများကို အခြေခံ programming ဘာသာရပ်ကို သင်ကြားပေးခဲ့ပါသေးတယ်။

ဒါ့အပြင် အစ္စဘယ်လ် ဟာ MIT (Massachusetts Institute of Technology) နည်းပညာတက္ကသိုလ်က ထုတ်ဝေတဲ့ Scratch ဆိုတဲ့ programming language ကို အသုံးပြုပြီး ကလေးတွေကို ကျောင်း မှာ သင်ကြားဖို့အတွက်လည်း ဦးဆောင်ပြီး တိုက်တွန်းခဲ့ပါတယ်။Scratch programming language ဟာ မူလတန်းအရွယ် ကျောင်းသားများ ကွန်ပျုတာ ပရိုဂရမ်းမင်းဘာသာရပ်ကို လွယ်ကူစွာ သင်ယူနိုင်ရန် ထုတ်လုပ်ထားတဲ့ ပရိုဂရမ်မင်း ဘာသာရပ်တစ်မျိုးဖြစ်ပြီး ကလေးများကို လွယ်ကူစွာ အန်နီမေးရှင်းများနဲ့ ဂိမ်းများကို ဖန်တီးစေနိုင်ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ကျောင်းသားများ အားလုံး ငယ်ရွယ်စဉ်ထဲက ကွန်ပျုတာ ပရိုဂရမ်မင်း ဘာသာရပ် ကို သင်ကြားထားပါက သူမလိုပဲ ကျွမ်းကျင်လာနိုင်မှာ ဖြစ်တယ် လို့ အစ္စဘယ်လ် က ယုံကြည်နေပါတယ်။
” ကွန်ပျုတာ ပရိုဂရမ်မင်း ဘာသာရပ်ဟာ ဘာသာစကားသင်ယူသလိုပါပဲ။ငယ်စဉ်တည်းက သင်ယူထားလေ ပိုကျွမ်းကျင်မှု မြန်လာမှာ ဖြစ်တယ် ” လို့ အစ္စဘယ်လ် က ပြောဆိုခဲ့ပါတယ်။

No comments

Powered by Blogger.